သင့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုက ပြောင်းလဲသွားနိုင်သလား
လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ဆိုတာ လူတစ်ယောက်က သတ်မှတ်လိင်ရှိတဲ့ အခြားလူတစ်ယောက်အပေါ် စိတ်ခံစားချက်ဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ နှစ်သက်သဘောကျမှု၊ လိင်စိတ်ဖြစ်ပေါ်မှု အနေအထားကို ဆိုလိုတာဖြစ်ပါတယ်။
ဒီလိုလိင်စိတ်တိမ်းညွတ်မှုဟာ လူသားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ ဖြစ်တည်မှု၊ နေထိုင်မှုပုံစံနဲ့ ဘဝကို ပုံစံအမျိုးမျိုး သတ်မှတ်ဖော်ညွှန်းပါတယ်။ လိင်စိတ်တိမ်းညွှတ်မှုမှာ အဓိကလူသိများတဲ့ အုပ်စုတွေကတော့
- Heterosexual - လိင်ကွဲအား ကြိုက်နှစ်သက်ခြင်း
- Bisexual - လိင်တူ၊ လိင်ကွဲနှစ်မျိုးလုံးအား ကြိုက်နှစ်သက်ခြင်း
- Homosexual - လိင်တူအား ကြိုက်နှစ်သက်ခြင်း
- Pansexual - မည်သည့် လိင်သတ်မှတ်မှုကိုမဆို ကြိုက်နှစ်သက်ခြင်း
- Asexual - မည်သည့်လိင်အမျိုးအစားအပေါ်မဆို လိင်ပိုင်းဆိုင်ရာ တပ်မက်မှုမဖြစ်ပေါ်ခြင်းဆိုပြီး ခွဲခြားထားပါတယ်။
အရင်ခေတ်တွေတုန်းကတော့ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်လာရင် လိင်ကွဲကြိုက်နှစ်သက်တဲ့ Heterosexual ကလွဲလို့ ကျန်တဲ့အုပ်စုတွေအားလုံးနီးပါးကို ကဲ့ရဲ့ရှုံ့ချတာ၊ ဝေဖန်မှု၊ ဖယ်ကျဉ်မှုတွေ ပြင်းထန်လွန်းတာအပြင် မှားယွင်းတယ်လို့ ယူဆထားတဲ့အတွက် ဒီလိင်စိတ်တိမ်းညွတ်မှုကို ပြင်ဆင်ဖို့၊ ကုသဖို့ နည်းလမ်းမျိုးစုံအသုံးချတာတွေ လုပ်ခဲ့ကြပါတယ်။
ဒီဘက် (၂၁) ရာစုမှာတော့ အမြင်ကျယ်လာပြီဖြစ်တဲ့အတွက် နားလည်လက်ခံသူတွေ၊ အပြစ်မမြင်သူတွေ များလာပေမဲ့ ကဲ့ရဲ့အပြစ်မြင်နေသူတွေကလည်း အခုထိ ရှိနေတုန်းပဲဖြစ်သလို ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုကို အမှန်အတိုင်း လက်မခံနိုင်သူတွေကလည်း ရှိနေဆဲပါပဲ။
ဒါဆို လိင်စိတ်တိမ်းညွတ်မှုဟာ ပြောင်းလဲနိုင်လား၊ ကုသနိုင်လားနဲ့ ပတ်သက်ပြီး မေးစရာရှိလာပါတယ်။ လက်ရှိအချိန်အထိ လိင်စိတ်တိမ်းညွတ်မှုနဲ့ ပတ်သက်လာရင် ပညာရှင်အများစု အတည်ပြုထားတာတွေကတော့
- လိင်စိတ်တိမ်းညွတ်မှုဟာ မွေးရာပါအခြေအနေတစ်ခုဖြစ်ပြီး တခြားသူတွေရဲ့ သက်ရောက်မှုကြောင့်လည်း ပါဝင်နိုင်ပါတယ်။
- လိင်စိတ်တိမ်းညွတ်မှုဟာ အရင်တုန်းက လက်ခံထားခဲ့သလို လူတစ်ယောက်ရဲ့ မွေးရာပါဖြစ်တည်မှုတစ်ခုသာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်း၊ ဖျားနာနေခြင်း လုံးဝမဟုတ်ပါဘူး။
- အများစုဟာ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို ဆယ်ကျော်သက်အရွယ် ဒါမှမဟုတ် လူငယ်အသက်အရွယ်မှာ ကိုယ်တိုင်နားလည်ခံစားတတ်လာတာဖြစ်ပြီး၊ လူနည်းစုတွေမှာတော့ အသက်ကြီးသွားမှ ကိုယ့်ရဲ့ဖြစ်တည်မှုကို အမှန်အတိုင်း လက်ခံလာကြတာမျိုးလည်း ရှိပါတယ်။
- လိင်စိတ်တိမ်းညွတ်မှုဟာ မွေးရာပါကိုယ်လက်အင်္ဂါတွေလိုပဲ ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုသာဖြစ်ပြီး ပြောင်းလဲလို့လည်း မရနိုင်ပါဘူး။
- ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုဟာ လူများစုနဲ့ ကွဲပြားနေတဲ့တိုင်အောင် ရှက်စရာ၊ ဖုံးကွယ်စရာ ကိစ္စတစ်ခုမဟုတ်ပါဘူး။
သင်ကိုယ်တိုင်မှာရော၊ ဒါမှမဟုတ် သင့်အနီးပတ်ဝန်းကျင်မှာရော ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကို အမှန်အတိုင်း လက်ခံနိုင်ပြီလား၊ ကိုယ့်ရဲ့လိင်စိတ်တိမ်းညွတ်မှုကြောင့် ဆက်ဆံခံရတဲ့ အနေအထားတွေ ကွဲပြားနေပြီလားဆိုတာ ပြန်လည်ဆန်းစစ်သင့်ပါပြီ။
ရဲမျိုးမြတ်